logo

Sunday, July 15, 2012

မှတ်တိုင် မရှိတဲ့ ခရီးသည်


တစ်ယောက်တည်း လမ်းတွေလျှောက်ရင်း
လမ်းပျောက်ခဲ့သူ...
မိုင်တွေထောင်ချီလဲ ငါရပ်နားမယ့်
ခရီးဆုံး မှတ်တိုင် ရှာမတွေ့ဘူး...
မောပန်းလာတိုင်း တိမ်တွေကို ငေးကာကြည့်တော့
ဟော...ဟိုမှာ တိမ်တွေက ပန်းချီဆွဲထားတယ်..
ချစ်သူ မျက်နှာ ပြုံးတ၀က်နဲ့ ကောင်းကင်ယံထက်မှာ
ရွှေရည် ငွေရည် ဖွဲ့တယ်...
သူမ မျက်နှာ တစိမ့်စိမ့်ကြည့်ကာ အားအင်ပြည့်၍
ခြေဖ၀ါးတွေ ကွဲအက် သွေးမြေကျလဲ
ဒီလမ်းဆုံး ငါလျှောက်လှမ်းမယ်...
မြို့တံခါးမှာ မီးအိမ်ငယ် နဲ့ ကြိုလှည့်ပါတော့
ချစ်သူ....
သစ်ဆန်းခန့်

မိုးစက်တွေ ကြားက ကဗျာ




(၁)
သူ တံခါးမခေါက်ပဲ ငါ့နှလုံးသားထဲ
အခွင့်မရှိ တိတ်တဆိတ် ၀င်လာခဲ့တယ်...
ချစ်စဖွယ် မျက်နှာထားလေးနဲ့
အဆိပ်သင့် အပြုံးတွေ
ငါ့အိပ်မက်ထဲ စိုးမိုးဝင်ရောက်ခဲ့တာ
ငါကိုယ်တိုင်က မသိကျိုးကျွန်ပြုမိလျက်သားပါလား...
(၂)
အရာအားလုံး အတွက် တောင်းပန်ပါတယ်...
အဲ့ စကား တစ်ခွန်းနဲ့
ငါ့ရင်ကို နင်းခြေပြီး တစ်ခြားတစ်ဦးရဲ့
ရင်ခွင်ထဲ နင်ပျော်နေတုန်း
အလွမ်းသင့် မျက်ရည်တစ်ချို့ကတော့
အေးစက်စက် နေ့တွေထဲ
ကူကယ်ရာ မဲ့နေတုန်းပါပဲ...
(၃)
ချစ်သူ အလှဖွဲ့ ကဗျာစာတွေ
ရေးဖွဲ့လို့ငါ ကြည်နူးပါရစေ..
မိုးကောင်းကင်ယံ ထက်မှာ
ချစ်သူ မျက်နှာ ရွှေရည်ငွေရည်ဖွဲ့
ပျိုးပျိုးပျက်ပျက် နဲ့ လင်းလက်နေတုန်း...
မာယာများတဲ့ မျက်နှာထားနဲ့
နောက်ဆုံးနေ့ရက်တွေမှာ သွေဖယ်မသွားပါနဲ့...
(၄)
ခုချိန် လာကြည့်လှည့်ပါအုံး
ငါ့ရင်ခွင်မှာ ပန်း မပွင့်တာကြာလို့
သာယာမှုတွေတောင် ပျက်သုန်းကုန်ပြီ
ဘာအတွက် ရည်ရွယ်ပြီးရေးမှန်း မသိတဲ့
ကဗျာ တစ်ပုဒ်ဟာလဲ
ဒီနေရာလေးမှာ သောင်တင်နေလျက်ပါပဲ...
သစ်ဆန်းခန့်

အဲ့ဒီ ညတိုင်း ငါငိုတယ်


(၁)
နင်မငိုပါနဲ့
ငါတို့ သံယောဇဉ်ဟာ အသိအမှတ်မပြုခံရတဲ့
ပင့်ကူမျှင် သာသာ ရယ်ပါ...
နိုးတ၀က် အိပ်တ၀က်နဲ့ အိပ်မက်တစ်ခုလို
နင့် ဓါတ်ပုံတွေ Hide လုပ်ပြီး
ငါ့ ဟန်းဖုန်းလေးထဲမှာ လူမသိအောင်
ဝှတ်ထားပြီး ခုချိန်ထိ
ခိုးကြည့်မိနေတုန်းပဲ..
(အဲ့ဒီ ညတိုင်း ငါငိုတယ်)
(၂)
ငါ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့
နင့်ကို ချစ်တဲ့ အကြောင်း
နင်ကိုယ်တိုင် ဖြေကြည့်မှ
သိနိုင်တော့မယ်..
နင် မသိတဲ့ ငါ့ အားနည်းချက်
တစ်ချို့က မဟာတံတိုင်းတွေလို
ကန့်လန့်ကာ တားဆီးနေလေတော့
အားမတန် မာန်လျှော့ ခဲ့ရပေမယ့်
ငါ လှည့်တကြည့်ကြည့်နဲ့
အိမ်ပြန်ခဲ့တယ်...
ဒီည မှ မိုးတွေ ဘာလို့ ထစ်ချုန်းနေပါလိမ့်?
(အဲ့ဒီ ညတိုင်း ငါငိုတယ်)
(၃)
ပြောပြီးမှ ရတဲ့ နောင်တ တစ်ချို့နဲ့
အကြိမ်ကြိမ် ငါ့စိတ်ကိုငါ
ဒဏ်ရာတွေ ပေးမိတယ်
ဘာကြောင့်ရယ် အဖြေရှာတိုင်း
မနက်မိုးလင်းသွားခဲ့သလို
ငါ့မျက်လုံးတွေလဲ ပိုပိုချိုင့်ဝင်လာခဲ့တယ်...
အရာအားလုံးထက် ပိုတန်ဖိုးထားတဲ့
မိန်းကလေးရယ်
မင်းမသိပါစေနဲ့တော့..
ဒီလို အမှောင်ထုထဲမှာ ငါနေသားကျခဲ့ပါပြီ..
(အဲ့ဒီ ညတိုင်း ငါငိုတယ်)
သစ်ဆန်းခန့်

Friday, February 10, 2012

သူမ မသိ တဲ့ ဇတ်လမ်းတစ်ပုဒ်


သူမ ကို နှုတ်ဆက်ထွက်ခွာဖို့ ကြံရွယ်ကာ
ခပ်ဝေးဝေး ကို ထွက်ပြေးဖို့ ကြံလဲ..
သူမ မျက်ရည် ငိုတ၀က်နဲ့
လမ်းတ၀က်က ဆီးကြိုရစ်သိမ်းတယ်...
သူမ အတိတ်က ချစ်သူအဟောင်း
အကြောင်း ပြန်နှောင်းပြောလဲ
ငါ တိတ်ဆိတ်စွာ နားဆင်ခဲ့ဖူးတယ်...
ဘာပဲ လိုလို သူမ အတွက်ဆိုလျင်
ငါ့ နှလုံးသားပင် ဖောက်ထုတ်ပေးဖို့
ကျိန်ခဲ့ဖူးတယ်...

စေလိုရာစေ နေလိုရာနေ သူမ အရုပ်ကလေးလို
ကြိုးဆွဲရာ ကခဲ့ ဖူးတယ်...
လူတွေ ဘာပြောပြော အရူးဇတ်ခင်း
ရှေ့ဆက်တိုးရင်း သူမ အတွက်ကို
ဟီးရိုးကြီး လဲ ဖြစ်ခဲ့ဖူးတယ်...
ငါ့ ပုခုံး တစ်ဖက်မှာ သူမ မှီခိုရင်း
အိပ်စက်ဖို့ အတွက် ပုံပြင်တွေနဲ့လဲ
ချော့သိပ်ဖူးခဲ့တယ်...

အရာရာတိုင်းကို အကောင်းမြင်စိတ်သွင်း
ရှင်သန်လာခဲ့တဲ့ နေ့ရက်တွေတိုင်း
သူမ အတွက် တွေးမြင် ဆင်ခြင်ကာ
ငါ့အချစ်တွေ ကို နှုတ်ပိတ်ခဲ့တယ်..
ဒီလိုနဲ့...
ဒီလိုနဲ့...

အကြိမ်ပေါင်းများစွာ သူမ အမည်ကို
တိုးတိုးတိတ်တိတ်လေး ရေတွက်ရင်း
သူမ ရဲ့ လှပတဲ့ ဘ၀လေးထဲကနေ ထွက်ခွာလာခဲ့တယ်..
ကြယ်ရောင်ပျောက်တဲ့ လမ်းကျဉ်းကျဉ်းလေးထဲ
လျှောက်လှမ်းလာရင်း
ငါ့ နှလုံးသား ပျောက်ဆုံးသွားတာကို
သိလိုက်ရချိန်မှာတော့
နှလုံးသွေးတွေ တစ်စက်စက်ယိုစီးကာ
အိမ်ပြန်လမ်းတွေ မှောင်မိုက်ခဲ့ရပေါ့...။


သစ်ဆန်းခန့်

ရွာချထားခဲ့သော မိုးရေစက်များ နှင့် နင်းချေခဲ့သော ဖန်ကွဲစများ


(စ)
မိုး.. ရွာနေပြန်ပြီတဲ့..
မိုးစက်တွေ ကြား ကနေ လုံအောင်
မိုးမထားနိုင်တဲ့ ငါ့ရင်ခွင်ကနေ
နင်ထွက်သွားခဲ့တာ
ဒီနေ့ထိ ပါပဲ...
မေ့မရနိုင်လို့ ရင်ထဲပူ ဒီမီးလျှံ
ဘယ်ခါမှ ငြိမ်းနိုင်ပါတော့မလဲ...
မိုးရေစက် လေးများ သွန်းဖြိုးနေဆဲ..
ငါ့မျက်ရည်တွေလဲ စီးဆင်းနေဆဲ..
နင် တစ်ယောက်လဲ တစ်ခြားလူ ရင်ခွင်မှာ
ပျော်မွေ့နေဆဲ...

(၁)
သိပ်မကြာပါဘူး..
ငါ့အခန်း နံရံပေါ်က နင့် ရုပ်လွှာတွေ ဆွဲခွာချရင်း
ငါ့ နှလုံးသားကို ငါ ကိုယ်တိုင် ဓါးနဲ့ မွန်းနေတုန်း..
လက်လက်ဆက်ဆက် ခံစားချက်တစ်ချို့ကို
အသက်သွင်း ယာမကာ တွင်းထဲ နစ်ဝင်ဖို့
လမ်းတစ်ချို့က ဆောင်မ ပြန်တယ်..
ခပ်ပေါ့ပေါ့ပဲ ဘ၀ကို ရွက်လွင့်မယ် စိတ်ကူး
အတွေးတိမ်ဆိုင်တွေ အုံ့မည်းမှောင်လျက်
စိတ်ဓါတ်တွေ တေလေ နေတုန်း
အမိုက်မှောင်မှာ လိုက်ကာ ကစားရင်း
ငါအိမ်ပြန်ချိန် နောက်ကျပြန်ပြီ
လှေကားရင်းမှာ ထိုင်စောင့်နေတာ
နင် မဟုတ်ပါလား...

(၂)
ပုံသေကားချပ် လို အသက်မ၀င်တဲ့
ငါ့ ဘ၀ မှာ ထပ်မ၀င်လာပါနဲ့..
တီးတိုးတောင်းပန်နေလဲ
လိုသလို ကစား မာယာရှင်မ မျက်နှာထား
ညိုးငယ်တော် မမူပါနဲ့..
သူလိုရာစေ နေတက်သလို
လိုရာထား ချောင်ထိုးသွားလဲ
ချစ်နေ ဆဲမို့ ငိုခဲ့ မျက်ရည်
ချောက်သွေ့ပြန်ပြီ..
သူ မြင်လေမလား ဆုတောင်းခဲ့လဲ
ဘုရားသခင် မျက်ကွယ်ပြုလေပြီ..

(ဆုံး)

ဒီလို ဒီလို နဲ့
ငါ ဟာလဲ နင့်အတွက်
လိုအပ်ရင် အသုံးပြုနိုင်မယ့်
ခေါက်ကုလားထိုင် လေး တစ်လုံး
ဖြစ်မှန်း မသိ ဖြစ်နေပါပြီ...
နင် တစ်ခါတလေများ သတိရမယ်ဆိုရင်လေ
ဟိုး...
အဝေးမှာ ချောင်ထိုးထားခဲ့တဲ့
ကုလားထိုင်အိုလေး ကို
ခဏ ဖြစ်ဖြစ် တန်းတမိမယ်ဆိုရင်
ငါ ကျေနပ်တက်ခဲ့ပါပြီ....

သစ်ဆန်းခန့်
(18.11.2011)

မာယာ များတဲ့ မိုးကောင်းကင်

(၁)
ဒီနေ့ လာနေကျ လမ်းအတိုင်း
လျှောက်လှမ်းလာတုန်း
ကောင်းကင်ကြီးက အုံ့မှိုင်းလို့
မိုးတွေ ရွာသွန်းဖြိုးတော့မလိုပဲ
မာယာများတဲ့ မိုးကောင်းကင်
ကျွန်တော် ချစ်တဲ့ သူမ အတိုင်းပါပဲ
လေတွေ တိုက်တုန်းခနတော့
လွမ်းနေတုန်းပဲ...

(၂)
ဘာကို စောဒက တက်နိုင်မလဲ
ငါ့ ကံကြမ္မာက ဆိုးဝါးလွန်းခဲ့လေတော့
နောက်ပြန်တပ်ခေါက်ဖို့ကလွဲရင်
ရှေ့ဆက်တိုးစရာ တံတားလေး တစ်ခု
မင်းမှ ခင်းမပေးခဲ့ပဲလေ..

(၃)
အရာရာတိုင်းကို အကောင်းမမြင်
ရှင်သန်လာခဲ့တဲ့ ရက်တိုင်းမှာ
မင်း အချစ်ကြောင့် ပျော်ရွှင်ခဲ့တယ်
မင်း အချစ်ကြောင့် နာကျင်ခဲ့တယ်
မင်း အချစ်ကြောင့် လွမ်းဆွတ်ခဲ့တယ်
မနက်ဖြန်တိုင်းဟာ မင်းအတွက်ပါလို့
ငါ ကျိန်ဆိုခဲ့တယ်...


(၄)
မင်းအတွက် Joker လေး ဖြစ်ခဲ့သလို
လိုရာစေ အရုပ်ကလေးလဲ ဖြစ်ခဲ့ဖူးတယ်
ဘာကြောင့်များ ဒီလောက်ချစ်နိုင်ရတာလဲ
ကိုယ့်ကိုကိုယ် ပြန်မေးတိုင်း
အဖြေမရှာနိုင်ခဲ့ဘူး
သူမခြေရင်းမှာ ၀ပ်ဆင်းချင်ခဲ့တာ
အိပ်မက်သက်သက်တော့ မဟုတ်ခဲ့ပါ...
ဘာကိုမှ မတောင့်တ ရဲတော့သလို
ငါ့အချစ်တွေလဲ လေဟုန်လျှော့တဲ့
မျှားလို မင်းဆီ မရောက်ခင်
အရှိန် ကုန်ခဲ့တာပါပဲ...

(၅)
အခုရေးနေတဲ့ ကဗျာလေး မဆုံးခင်
ဟိုမရောက်ဒီမရောက်နဲ့
ငါ့လက်ဖျားတွေက သွေးစက်တွေလဲ
တစ်စက်စက် ယိုစီးလျက်...
ကဗျာတစ်ပုဒ်အဆုံးသက်ဖို့
ငါ့ကိုယ်ငါ နာကျင်စေမှန်း မသိခဲ့ဘူး
ငါ သိနေတာ ခံစားမိတာ
တစ်ခုကတော့ 
ငါ့ ရင်ဘတ်ထဲက နာကျင်နေတိုင်း
ငါ့ မျက်ဝန်းက မျက်ရည်တွေ စီးကျနေတိုင်း
မင်းကို ချစ်နေတုန်းပါလား ဆိုတာကိုတော့
အတိတ်မေ့မသွားခင် အမှတ်တမဲ့
သတိရနေလျက်ပါပဲ...


သစ်ဆန်းခန့်