logo

Sunday, July 15, 2012

မှတ်တိုင် မရှိတဲ့ ခရီးသည်


တစ်ယောက်တည်း လမ်းတွေလျှောက်ရင်း
လမ်းပျောက်ခဲ့သူ...
မိုင်တွေထောင်ချီလဲ ငါရပ်နားမယ့်
ခရီးဆုံး မှတ်တိုင် ရှာမတွေ့ဘူး...
မောပန်းလာတိုင်း တိမ်တွေကို ငေးကာကြည့်တော့
ဟော...ဟိုမှာ တိမ်တွေက ပန်းချီဆွဲထားတယ်..
ချစ်သူ မျက်နှာ ပြုံးတ၀က်နဲ့ ကောင်းကင်ယံထက်မှာ
ရွှေရည် ငွေရည် ဖွဲ့တယ်...
သူမ မျက်နှာ တစိမ့်စိမ့်ကြည့်ကာ အားအင်ပြည့်၍
ခြေဖ၀ါးတွေ ကွဲအက် သွေးမြေကျလဲ
ဒီလမ်းဆုံး ငါလျှောက်လှမ်းမယ်...
မြို့တံခါးမှာ မီးအိမ်ငယ် နဲ့ ကြိုလှည့်ပါတော့
ချစ်သူ....
သစ်ဆန်းခန့်

မိုးစက်တွေ ကြားက ကဗျာ




(၁)
သူ တံခါးမခေါက်ပဲ ငါ့နှလုံးသားထဲ
အခွင့်မရှိ တိတ်တဆိတ် ၀င်လာခဲ့တယ်...
ချစ်စဖွယ် မျက်နှာထားလေးနဲ့
အဆိပ်သင့် အပြုံးတွေ
ငါ့အိပ်မက်ထဲ စိုးမိုးဝင်ရောက်ခဲ့တာ
ငါကိုယ်တိုင်က မသိကျိုးကျွန်ပြုမိလျက်သားပါလား...
(၂)
အရာအားလုံး အတွက် တောင်းပန်ပါတယ်...
အဲ့ စကား တစ်ခွန်းနဲ့
ငါ့ရင်ကို နင်းခြေပြီး တစ်ခြားတစ်ဦးရဲ့
ရင်ခွင်ထဲ နင်ပျော်နေတုန်း
အလွမ်းသင့် မျက်ရည်တစ်ချို့ကတော့
အေးစက်စက် နေ့တွေထဲ
ကူကယ်ရာ မဲ့နေတုန်းပါပဲ...
(၃)
ချစ်သူ အလှဖွဲ့ ကဗျာစာတွေ
ရေးဖွဲ့လို့ငါ ကြည်နူးပါရစေ..
မိုးကောင်းကင်ယံ ထက်မှာ
ချစ်သူ မျက်နှာ ရွှေရည်ငွေရည်ဖွဲ့
ပျိုးပျိုးပျက်ပျက် နဲ့ လင်းလက်နေတုန်း...
မာယာများတဲ့ မျက်နှာထားနဲ့
နောက်ဆုံးနေ့ရက်တွေမှာ သွေဖယ်မသွားပါနဲ့...
(၄)
ခုချိန် လာကြည့်လှည့်ပါအုံး
ငါ့ရင်ခွင်မှာ ပန်း မပွင့်တာကြာလို့
သာယာမှုတွေတောင် ပျက်သုန်းကုန်ပြီ
ဘာအတွက် ရည်ရွယ်ပြီးရေးမှန်း မသိတဲ့
ကဗျာ တစ်ပုဒ်ဟာလဲ
ဒီနေရာလေးမှာ သောင်တင်နေလျက်ပါပဲ...
သစ်ဆန်းခန့်

အဲ့ဒီ ညတိုင်း ငါငိုတယ်


(၁)
နင်မငိုပါနဲ့
ငါတို့ သံယောဇဉ်ဟာ အသိအမှတ်မပြုခံရတဲ့
ပင့်ကူမျှင် သာသာ ရယ်ပါ...
နိုးတ၀က် အိပ်တ၀က်နဲ့ အိပ်မက်တစ်ခုလို
နင့် ဓါတ်ပုံတွေ Hide လုပ်ပြီး
ငါ့ ဟန်းဖုန်းလေးထဲမှာ လူမသိအောင်
ဝှတ်ထားပြီး ခုချိန်ထိ
ခိုးကြည့်မိနေတုန်းပဲ..
(အဲ့ဒီ ညတိုင်း ငါငိုတယ်)
(၂)
ငါ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့
နင့်ကို ချစ်တဲ့ အကြောင်း
နင်ကိုယ်တိုင် ဖြေကြည့်မှ
သိနိုင်တော့မယ်..
နင် မသိတဲ့ ငါ့ အားနည်းချက်
တစ်ချို့က မဟာတံတိုင်းတွေလို
ကန့်လန့်ကာ တားဆီးနေလေတော့
အားမတန် မာန်လျှော့ ခဲ့ရပေမယ့်
ငါ လှည့်တကြည့်ကြည့်နဲ့
အိမ်ပြန်ခဲ့တယ်...
ဒီည မှ မိုးတွေ ဘာလို့ ထစ်ချုန်းနေပါလိမ့်?
(အဲ့ဒီ ညတိုင်း ငါငိုတယ်)
(၃)
ပြောပြီးမှ ရတဲ့ နောင်တ တစ်ချို့နဲ့
အကြိမ်ကြိမ် ငါ့စိတ်ကိုငါ
ဒဏ်ရာတွေ ပေးမိတယ်
ဘာကြောင့်ရယ် အဖြေရှာတိုင်း
မနက်မိုးလင်းသွားခဲ့သလို
ငါ့မျက်လုံးတွေလဲ ပိုပိုချိုင့်ဝင်လာခဲ့တယ်...
အရာအားလုံးထက် ပိုတန်ဖိုးထားတဲ့
မိန်းကလေးရယ်
မင်းမသိပါစေနဲ့တော့..
ဒီလို အမှောင်ထုထဲမှာ ငါနေသားကျခဲ့ပါပြီ..
(အဲ့ဒီ ညတိုင်း ငါငိုတယ်)
သစ်ဆန်းခန့်